Tuesday, February 24, 2015

ယောက်ျားလေး လိင်လုပ်သားများ များပြားလာ


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမျိုးသား လိင်ဖျော်ဖြေရေး လုပ်ငန်းတွေက အမျိုးသားငယ် ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ထိုင်း နိုင်ငံ အခြေစိုက် သုတေသန အဖွဲ့အစည်းတချို့ရဲ့ စစ်တမ်းတခုက ဆိုပါတယ်။

ချင်းမိုင် တက္ကသိုလ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က Urban Light နဲ့ Love 146 အဖွဲ့တို့ ပူးတွဲပြီး “ယောက်ျားလေးတွေဟာ ရောင်း စရာ မဟုတ်”(Boys are Not 4 Sale) ခေါင်းစဉ်နဲ့ ကျင်းပတဲ့ A Study on Sexually Exploited Young Males အမည် ရှိ စစ်တမ်း ရှင်းလင်းပွဲမှာ သုတေသန ပြုသူတွေက ပြောဆို ထုတ်ပြန်ခဲ့တာပါ။

သုတေသန ပြုသူ တဦးဖြစ်တဲ့ မစ္စတာ ဂျရက် ဒေးဗစ်က သူတို့ မေးမြန်းခန်း လုပ်ခဲ့သူ အများစုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ဖြစ်ပြီး တချို့ကတော့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့က ဖြစ်တယ်လို့ ဧရာဝတီ ကို ပြောပါတယ်။

ရှမ်း၊ ကရင်၊ လီဆူး၊ လားဟူ၊ အခါ စတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က တိုင်းရင်းသားတချို့ကို မေးမြန်းခွင့်ရခဲ့ တာလို့လည်း သူက ရှင်းပြပါတယ်။ ဒါကြောင့် စစ်တမ်းကောက်ယူရာမှာ အခက်အခဲတွေရှိပေမယ့် အခု စစ်တမ်းဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အဓိက လိင်လုပ်သား အမျိုးသားငယ်တွေရှိရာ ချင်းမိုင် ညဈေး အပါအ၀င် နေရာ ၃ ခုရှိ ဘားဆိုင်တွေ၊ ကေတီဗွီတွေနဲ့ အမျိုးသား အနှိပ်ခန်းတွေက လိင်လုပ်သား ၅၀ လောက်ကို ထိုင်း ဘာသာစကားနဲ့ မေးမြန်းထားတာပါလို့ သူက ပြောပါတယ်။

လိင်အလုပ်သမားလို့ ဆိုရင် အမျိုးသမီးတွေကိုသာ လိင်အသုံးတော်ခံတွေအဖြစ် လူသိများကြပေမယ့် ဒါကလည်း တကယ် တမ်း ပွင့်ပွင့်လင်းလင်း သိပ်မရှိကြပါဘူး။ ဒီအထဲကမှ အမျိုးသား လိင်လုပ်သားဆိုတာ ပိုပြီးတော့တောင် သိုသိပ်ကြပါတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။

အမျိုးသား လိင်လုပ်သားတွေက အမျိုးသမီး လိင်လုပ်သားတွေနဲ့နှိုင်းယှဉ်ရင် ၃ ချိုး ၁ ချိုး ရှိတယ်လို့ အာရှ ဒေသမှာ အမျိုးသား ငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေကြခြင်းက အကာအကွယ်ပေးရေး လုပ်နေတဲ့ Love 146 က ဒါရိုက်တာ ဒေါက် တာ Glemn Miles က ဧရာဝတီကို ပြောပါတယ်။ ဒီလောက မှာ အသက် ၁၈ နှစ်ကျော်တွေလည်း ရှိကြသလို အသက် ၁၈ နှစ်အောက်တွေက အများစုဖြစ်ပေမယ့် အလုပ်ရှင်တွေ က အသက်ကို ပြောမပြဖို့ ဟန့်တားထားပုံ ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဥပမာ ဘားဆိုင် တခုဆိုပါစို့၊ အသက် ၁၈ နှစ် မပြည့်တာကို ဒီကလေးတွေကို မပြောဖို့ တားမြစ်ထားတယ် ထင်တယ်။ ဘာကြောင့် လည်း ဆိုတော့ သူတို့က အသက် ၁၈ နှစ်ကျော်ပြီပဲ၊ ကျနော် တို့ကို ပြောလိုက် တယ်လေ”လို့ သူက ဆိုတယ်။ Love 146 အဖွဲ့ဟာ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် သီရိလင်္ကာ နိုင်ငံတွေမှာ အခြေစိုက် သုတေသနပြုလုပ်ပြီး ကူညီ ကယ်ဆယ် ဘ၀ မြှင့်တင်ရေး လုပ်ငန်း တွေ လုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

အမျိုးသားငယ်လေးတွေဟာ လိင်အပျော်အပါး လိုက်စားသူတွေရဲ့ ပစ်မှတ်မဖြစ်သင့်သလို လိင်ပိုင်းဆိုင်ရာ အသုံးချခံ ပစ္စည်းလည်း မဖြစ်သင့်ဘူးလို့ သုတေသန အဖွဲ့က ပြောပါတယ်။ လိင်လုပ်သားငယ်လေးတွေနဲ့ ပတ်သက်ပြီး လိင်တူချစ်သူ အမျိုးသားတွေ(Gay) ရဲ့ အလိုဆန္ဒဖြည့်ပေးဖို့၊ နိုင်ငံခြားသူ အပါအ၀င် အမျိုးသမီးတွေရဲ့ အသုံးတော်ခံဖို့၊ ဂေး (Gay) တွေလို အသုံးချဖို့ ဆိုပြီး ၃ ပိုင်း ရှိကြောင်း သိရပါတယ်။

စစ်တမ်းအရ ၄ ပုံ ၁ ပုံဟာ ဖောက်သည်တွေက သူတို့ဆန္ဒကို ဖြည့်ဆည်းဖို့အတွက်ပဲ လိုလားပြီး အဓမ္မ လိင်မှုကိစ္စ လုပ်တာမျိုး လည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်တမ်းမှာတော့ အဓိက ဖောက်သည်တွေ က နိုင်ငံခြား သားတွေပဲ ဖြစ်တယ်လို့ ပါရှိပါတယ်။

အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ် အမျိုးသား လိင်လုပ်သားက ၄၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး လိင်လုပ်သားငယ် အများစု ကတော့ သူတို့ရဲ့ လက်ရှိဘ၀ကို ရှက်ရွံ့ကြပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်က အတန်းပညာ ၁၀ တန်းအောက်သာ ရှိတယ်လို့သိရပါတယ်။ မေးမြန်းခဲ့သူတွေထဲက တယောက်ပဲ ထူးထူးခြားခြား ဒီအလုပ်ကရတဲ့ ၀င်ငွေနဲ့ တက္ကသိုလ်ပညာရေး ပြီးမြောက် ခဲ့ တယ်လို့ ဆိုပါတယ်။

လိင် လုပ်သားလုပ်သူ အများစုကတော့ ကိုယ့်မိသားစုကို ထောက်ပံ့ဖို့ ငွေလိုတာကြောင့် ဖြစ်ကြပြီး တလ အမြင့်ဆုံးဝင်ငွေ က ဘတ်ငွေ ၁ သောင်းခွဲ (ကျပ် ၅ သိန်းခန့်) လောက်ဖြစ်ပြီး အနိမ့်ဆုံးကတော့ ဘတ်ငွေ ၆ ထောင် လောက် ရှိကြပါတယ်။ သူတို့ဟာ နေ့ဘက်မှာ တလ ဘတ် ၆ ထောင်လောက် ရတဲ့ တခြားအလုပ်လည်း လုပ်ကြပါသေးတယ်လို့ စစ်တမ်းက ဆိုပါတယ်။

လိင်ပညာပေး အသိနဲ့ပတ်သက်လို့တော့ လိင်လုပ်သားငယ်အများစုဟာ ကွန်ဒုံး အကာအကွယ် အသုံးပြုတာ ရှိကြပေမယ့် ဖောက်သည် တွေရဲ့ အလို လိုက်ရတာတွေလည်း ရှိပါတယ်လို့ သိရပါတယ်။ ဒါပေမယ့် လိင်လုပ်သား ထက်ဝက်ကျော်က HIV ပိုး ရှိ၊ မရှိ စစ်ဆေးမှု မလုပ်ဘူးကြဘဲ HIV ရောဂါ ကူးစက်ခံရမှု အန္တရာယ် က တော့ လိင်လုပ်သားတွေမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေရှိတယ်လို့ မစ္စတာ ဂျရက် ဒေးဗစ်က ဧရာဝတီ ကို ရှင်းပြပါတယ်။

သူက ဆက်လက်ပြီး ဒီ အမျိုးသား လိင်လုပ်သား လုပ်ငန်းဟာ လူမှောင်ခို လုပ်ငန်းနဲ့လည်း ဆက်စပ်တယ် လို့ ဆိုပေမယ့် ဘယ် လို ပုံစံ လူမှောင်ခိုလုပ်တယ် ဆိုတာတော့ သူတို့ရဲ့ သုတေသန လုပ်ငန်းနဲ့ မဆိုင်လို့ မသိဘူးလို့လည်း ပြောဆိုပါတယ်။

Irrawaddy

Wednesday, February 18, 2015

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော လိင်တူချစ်သူ ရုပ်ရှင်ပွဲတော်

မြန်မာနိုင်ငံ၏ ပထမဆုံးသော လိင်တူချစ်သူ (LGBT) ရုပ်ရှင်ပွဲတော်ကို သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ရန်ကုန်မြို့ ပြင်သစ်သံရုံး ယဉ်ကျေးမှုစင်တာတွင် ကျင်းပလျက်ရှိသည်။ ကမ္ဘာတဝှမ်းရှိ လိင်တူချစ်သူတို့၏ ဘဝကို ထင်ဟပ်သည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရုပ်ရှင်အတိုနှင့် ဇာတ်လမ်းရှည် ၃၃ ကား ပါဝင်ပြသနေသည်။
Rainbow Reels Project မှ လိင်တူချစ်သူလူငယ် ၁၀ ဦးက ပွဲတော်အတွက် ရိုက်ကူးထုတ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားတို ၃ ကား အပါအဝင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတို ၇ကား ပါဝင်သည်။
လိင်တူချစ်သူများ ကြုံတွေ့နေရသော မမျှတခြင်းတို့ကို ရုပ်ရှင်များမှ တဆင့်ပြသပြီး မြန်မာနိုင်ငံရှိ လိင်တူချစ်သူတို့အတွက် တန်းတူညီမျှအခွင့်အရေးရရှိရေး ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပသည့်ပွဲတော်ဖြစ်ကြောင်း သိရသည်။
Equality Myanmar အဖွဲ့မှ ဦးအောင်မျိုးမင်း ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး မာ့ခ်မက်ဒိုဝယ်၊ ပြင်သစ်ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူတို့က ဖွင့်ပွဲနေ့တွင် အမှာစကား ပြောကြားခဲ့ကြသည်။
  • (ဓာတ်ပုံများ – တင်ထက်ပိုင်/ဧရာဝတီ)


f
 
Credit to - ဧရာဝတီသတင်းဌာန

လိင်တူချစ်သူ တို့၏ ညနေခင်း

စကပ်တိုတို အင်္ကျီအကျပ် ဖိနပ်ဒေါက်မြင့် ကိုယ်စီဖြင့် အုပ်စုလိုက် လမ်းလျှောက်ပုံက ခရေပွင့်များ လေလွင့် လာသည့်နှယ်။ပြင်ဆင်လိမ်းခြယ်ထား သည်မှာ မော်ဒယ်လ်ရှုံးလောက်သည်။ သို့သော် သူတို့သည် မိန်းကလေးစစ်စစ်တော့ မဟုတ်ပေ။ မိန်းကလေးစိတ်ပေါက်နေသည့် အမျိုးသားများပင် ဖြစ်သည်။



ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ Excel Tower ၏ ၁၀ လွှာတွင် မိန်းကလေး စိတ်ပေါက်နေသည့် ယောက်ျားလေးများ ပျားပန်း ခပ်နေကြသည်။ အရွယ်စုံဂိုက်စုံဖြင့် အခန်းတွင်းသို့ ဝင်လာမစဲ တသဲသဲပင် ဖြစ်သည်။ ထိုမြင်ကွင်းမှာ အပြည်ပြည်ဆိုင်ရာ
လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှုများ ပပျောက်ရေးနေ့ အဖြစ် မတ်လ ၁၇ ရက်နေ့ ညနေ ၆နာရီတွင် Excel Tower တွင် ကျင်းပသော မြင်ကွင်းဖြစ်သည်။

ယခင်က ထိုပွဲမျိုးကို ကျင်းပခွင့် ပိတ်ပင်ထားခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် တွင် စတင်ကျင်းပခွင့် ရရှိခဲ့ပြီး ယခုပွဲသည် ဒုတိယအကြိမ် ဖြစ်သည်။ မိန်းကလေးစိတ် ဝင်နေသည့် အမျိုးသားများ နှစ်ရာကျော် တက်ရောက်ခဲ့ကာ နိုင်ငံခြားသံတမန်များ အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ကလည်း တက်ရောက်ခဲ့သည်။
ထိုပွဲသည် မိန်းကလေးစိတ် ပေါက်နေသော အမျိုးသားများအတွက် တစ်နှစ်တစ်ကြိမ် ပျော်ရသော တောင်ပြုန်းပွဲကဲ့သို့ လွတ်လွတ်လပ်လပ် ရှိကြသည်ကို တွေ့ရသည်။

"ဒီပွဲရောက်လာတဲ့ အချိန်မှာ လုံးဝ သီးခြားကမ္ဘာလေးလို ခံစားရတယ်။ ကိုယ်တွေလို ဘဝတူတွေပဲ ဆုံရလို့" ဟု ယင်းပွဲ သို့ ပခုက္ကူမြို့မှ လာရောက်သူ အလှပြင်ဆိုင် ဖွင့်ထားသူတစ်ဦးက ဆိုသည်။

မိန်းကလေးစိတ်ဝင်နေသော ယောက်ျားလေးများတွင် အမျိုးအစား သုံးမျိုးရှိပြီး အပုန်း၊ အပွင့်၊ ဂေး (Gay) ဟူ၍ ဖြစ်သည်။

အပုန်းများမှာ ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ပြီး မိန်းကလေးကဲ့သို့
နေထိုင်ပြုမူသည်။ အပွင့်မှာ မိန်းကလေးကဲ့သို့ ဝတ်စားဆင်ယင်
ပြုမူနေထိုင်သည်။ ဂေးဟူသည်မှာ သန်သန်မာမာ ယောက်ျားကဲ့သို့
နေထိုင်ပြီး မိန်းကလေးစိတ် ဖြစ်နေသည်ကို ဆိုလိုသည်။

လိင်တူချစ်သူ (LGBT) များတွင်တော့ လေးမျိုးရှိသည်။ အမျိုးသမီးချင်း ချစ်ခင်စုံမက်သူများ (Lesbian)၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (Gay)၊ အမျိုးသား အမျိုးသမီး နှစ်မျိုးစလုံးကို ချစ်ခင် စုံမက်သူများ (Bisexual) နှင့် ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲဝတ်စား နေထိုင်သူများ (Transgender) တို့ဖြစ်သည်။

"ကျွန်တော်တို့ လိင်တူချစ်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ အမြဲ ကြုံနေရပါတယ်၊ ပြီးတော့ ခွဲခြားဆက်ဆံ ခံရပါတယ်" ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ခံစားချက်ဖြင့် ပြောပြသည်။

လိင်တူချစ်သူများတွင် အများစုမှာ မိန်းကလေးစိတ်ပေါက်နေသော
ယောက်ျားလေးများ ဖြစ်ပြီး ၄င်းတို့မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် အများစု၏ တစ်ခုတည်းသော အလုပ်အကိုင်မှာ အလှဖန်တီးရှင် အလုပ်သာဖြစ်သည်။

Gay Rights နှင့်ပတ်သက်ပြီး ပညာပေးမှုနှင့် သုတေသနများ
ပြုလုပ်နေ သော Color Rainbow ၏ ယခုနှစ်အတွင်း မြန်မာနိုင်ငံက လိင်တူချစ်သူ (LGBT) ၂၅ ဦးကို လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည့် အချက်အလက်များအရ လိင်တူ ချစ်သူများသည် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့တွင် ခွဲခြား ဆက်ဆံခံရပြီး မိသားစု၊ လူမှုပတ်ဝန်းကျင် နှင့် ဥပဒေဆိုင်ရာ နယ်ပယ်အသီးသီးတွင်
နှုတ်အားဖြင့်လည်းကောင်း၊ ကိုယ်ထိလက်ရောက် အားဖြင့်လည်းကောင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ ရှိခဲ့ကြောင်း Color Rainbow အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ကြူးကြူးအမည်ရှိသူက "မိသားစုကို ဆန့်ကျင်ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ယောက်ျားလေး တစ်ယောက်က ဒီလိုမျိုး ပြုမူတယ်ဆိုတော့ ကဲ့ရဲ့တာပေါ့၊ ငါတို့အမျိုးထဲမှာ ဒါမျိုးမရှိဘူးဆိုပြီး ပြောခံရ တယ်" ဟု ရင်ဖွင့်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လိင်တူ ချစ်သူများကို စိတ်ရောဂါသည်များ အဖြစ် သတ်မှတ်ထားခဲ့သည်။ ယင်းနောက် ၁၉၉၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် လိင်တူချစ်သူ များကို စိတ်ရောဂါသည်များအဖြစ် သတ်မှတ် ထားမှုကို ပယ်ဖျက်ခဲ့သည့် အတွက် ယင်းနေ့ကို အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှု များအား ဆန့်ကျင်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ လိင်တူချစ်သူဟူသော
ဝေါဟာရကို အများစုက လက်ခံနိုင်ခြင်း မရှိသေးပေ။

"လိင်တူချစ်သူ ဆိုတာကို အားမပေး သင့်ဘူး" ဟု အသက် ၂၉ အရွယ် ကျောင်းဆရာမ တစ်ဦးက ၄င်း၏အမြင်ကို မှတ်ချက် ပေးသည်။

လက်ရှိမြန်မာနိုင်ငံသည် နိုင်ငံတည်ဆောက်ရေး ဆောင်ရွက်နေချိန် ဖြစ်ပြီး ဦးစားပေး ပြဋ္ဌာန်းပြုပြင်ရမည့် ဥပဒေ များစွာရှိနေသည့်အပြင် ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှုအရ မသင့်တော်ကြောင်း ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင်းရှိ လိင်တူချစ်သူများ ကလည်း လူမှုနယ်ပယ်တွင်
တွေ့ကြုံခံစားရ၊ ခွဲခြားဆက်ဆံ ခံရမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတို့ကို ဖော်ထုတ်မှတ်တမ်း တင်ကြပြီး လက်ရှိ ပြဋ္ဌာန်းထား သည့် ဥပဒေ ထဲမှ ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမစပ်ယှက် ခြင်း ပုဒ်မ (၃၇၇) ကို ပယ်ဖျက်ရန် လှုပ်ရှားမှုများကို ပြုလုပ်နေကြသည်။

ယင်းဥပဒေပုဒ်မသည် အခြေခံအားဖြင့် ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်ခြင်းကို တားမြစ်သည့် ဥပဒေဖြစ်သော်လည်း လိင်တူချင်း သံဝါသပြုခြင်းကိုပါ အရေးယူသည်ဟု ယူဆနိုင်သောကြောင့် လိင်တူ ချစ်သူတို့က ကန့်ကွက်ကြသည်။

ယင်းနှင့်ပတ်သက်ပြီး Myanmar LGBT Rights Network မှ ကျော်မင်းထွန်း ကမူ "လူသားတစ်ယောက်ဖြစ်လို့ လူ့အခွင့်အရေးနဲ့ အညီ ခံစားခွင့်ရဖို့
တောင်းဆိုချင်တယ်" ဟု ဆိုသည်။ လိင်တူချစ်သူများ အပေါ် ခွဲခြားဆက်ဆံခြင်း အပေါ် ကြောက်ရွံ့မုန်းတီးမှု ပပျောက်ရေးသည် လိင်တူချစ်သူများ အနေနှင့် လူ့အခွင့်အရေး ရှုထောင့်မှ တောင်းဆိုခြင်းကို ဖွံ့ဖြိုးပြီးနိုင်ငံတွင် လက်ခံနိုင်ဖွယ် ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ကိုးကွယ်ရာ ဘာသာနှင့် ယဉ်ကျေးမှုများ တို့ကြောင့် ခက်ခဲဖွယ်ရှိလိမ့်ဦးမည်။

သို့သော် Excel Tower ၏ အပေါ်ဆုံး ထပ်တွင်မူ လိင်တူချစ်သူတို့ အဖို့ သာယာစိုပြည်နေသည်။ စတိုင်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးဖြင့် ပျော်ပါးနေသည်။ စင်မြင့်ထက်တွင်လည်း စည်းလုံးခြင်းအင်အား သီချင်းဖြင့် မိန်းကလေးစိတ် ဝင်နေသော အမျိုးသားများက တိုင်းရင်းသားအမျိုးမျိုး ပုံစံ ဝတ်စားလျက် ကပြ ဖျော်ဖြေနေသည်။

သီးခြားကမ္ဘာကဲ့သို့ပင်အချင်းချင်း ပွေ့ဖက်ကြသည်၊ အော်ဟစ်ကြသည်၊ ပျော်ပါးကြသည်၊ ဤသည်မှာ မြင်ရခဲသည့် လိင်တူချစ်သူများ၏ ညနေခင်းပင်
ဖြစ်သည်။

From: The Voice Weekly

ဟောင်ကောင် သန်းကြွယ် သူဋ္ဌေးကြီး၏ သမီးဖြစ်သူ လိင်တူချစ်သူ အမျိုးသမီးကြောင့် ရှေးရိုးစွဲ ဟောင်ကောင် အသိုင်းအဝိုင်းကြား လှုပ်ခတ်များ ဖြစ်ပွား




ဖေဖော်ဝါရီ ၁၂။

ဟောင်ကောင် အိမ်ယာမြေ သန်းကြွယ်သူဋ္ဌေး ဆီစီချောင်မှ သမီးဖြစ်သူ၏ လိင်တူချင်း လက်ထပ်ထားမှုကို သိရှိသွားပြီးနောက် သမီးဖြစ်သူကို ပုံမှန် အမျိုးသမီး တစ်ယောက် ဖြစ်အောင် စွမ်းဆောင်နိုင်မည့် မည်သည့် ယောက်ျားကိုမဆို ဟောင်ကောင်ဒေါ်လာ ၁ ဘီလျံ ချီးမြှင့်သွားမည်ဟု ကမ်းလှမ်းခဲ့သည်။ ညတွင်းချင်းပင် ကမ္ဘာပေါ်မှ အမျိုးသားများ၏ ဖုန်းမက်ဆေ့ခ်ျများ အများအပြား ဝင်ရောက်လာခဲ့သည်။

သမီးဖြစ်သူ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ဂီဂီချောင်မှ ၎င်းကမ်းလှမ်းမှုအတွက် တုန်လှုပ်နေစရာ အချိန်မရှိဟု ပြောဆိုခဲ့သည်။ ဖခင်ဖြစ်သူမှ ယင်းကဲ့သို့ ကမ်းလှမ်းခဲ့ပြီးနောက် ညတွင်းချင်းပင် ဂီဂီ၏ ဖုန်းသို့ ကမ္ဘာအရပ်ရပ်မှ အမျိုးသားများ၏ ဖုန်းမက်ဆေ့ခ်ျများ ဝင်ရောက်ခဲ့သည်။ ယခုလို အာရုံစိုက်ခံရမှုမျိုးကို မလိုချင်ကြောင်း ဂီဂီမှ ဆိုခဲ့သည်။

“ ကျွန်မ ဘဝကို အတွင်းအပြင် ဆွဲထုတ်လိုက်သလို ပါပဲ။ ဒီကိစ္စမှာ စိတ်ဓာတ်ကျနေဖို့ မဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ကြံ့ကြံ့ခံ ရပ်ရမယ်လို့ပဲ တွေးမိတယ်။ ကျွန်မ အမေက နံရံကို ခေါင်းနဲ့ ဆောင့်ပြီး ကျွန်မကို ဘယ်တော့မှ လက်မခံဘူးလို့ ပြောခဲ့တယ် ” ဟု ဂီဂီမှ ပြောဆိုခဲ့သည်။

ဂီဂီမှ လိင်တူချင်း လက်ထပ်ထားမှု အကြောင်းကို အဖေဖြစ်သူအား အိတ်ဖွင့်ပေးစာဖြင့် ပေးပြီး ကာကွယ်ပြောဆိုခဲ့သည်။         “ ကျွန်မရဲ့ ဘဝနဲ့ ကျွန်မ ဘယ်လောက် ပျော်နေလည်းဆိုတာ အဖေ နားမလည်ပါဘူး ” ဟု ပေးစာတွင် ပါဝင်သည်။ နောက်တစ်နေ့တွင် ဆီစီချောင်မှ သမီးဖြစ်သူအတွက် ကမ်းလှမ်းထားသော ငွေကြေးကို ပြန်လည် ရုတ်သိမ်းခဲ့သည်။

ဂီဂီချောင်၏ သတင်းများကြောင့် ဟောင်ကောင် လူမှုကွန်ယက်အတွင်း အမျိုးသမီး လိင်တူချစ်သူများ၊ မိန်းမလျှာများနှင့် လိင်ပြောင်းလဲသူများ ရင်ဆိုင်ရသည့် အခက်အခဲများ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြသည်။ “ ဒီလိုမျိုး မိန်းမလျှာတွေ လိင်တူချစ်သူတွေဟာ မိဘတွေကို လုံးဝ ရိုသေလေးစားမှု မရှိဘူးလို့ လူတွေက ထင်ကြတယ်။ တကယ်တမ်းကျတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ ကျွန်မ သိတဲ့ တော်တော်များများကတော့ သူတို့ရဲ့ မိဘတွေကို ရိုသေ လေးစားကြတာချည်းပဲ ” ဟု ဂီဂီမှ ဆိုခဲ့သည်။ ကြွယ်ဝသည့် အဖေဖြစ်သူမှ သူ့အသက် ၁၆ နှစ်တွင် တက္ကသိုလ်သို့ တက်ရောက်စေခဲ့ပြီး သရုပ်ဆောင်ဖြစ်ခဲ့သူ အမေမှ သမီးဖြစ်သူ၏ အသွင်အပြင်ကို စင်းလုံးချော ဖြစ်အောင် ဂရုစိုက်သည့် တင်းကျပ်သော မိသားစုတွင် ကြီးပြင်းလာရမှုကြောင့် ငယ်စဉ်ကတည်းကပင် အနေအထိုင် ထိန်းသိမ်းခဲ့ရပြီး စိတ်ခံစားမှုများကို ချုပ်တည်းခဲ့ရကြောင်းလည်း ပြောဆိုခဲ့သည်။

ဂီဂီမှ မိသားစု၏ လုပ်ဆောင်မှုများမှာ ရှေးရိုးစွဲ အာရှလူထု၏ ပုံစံတစ်ခုပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ ဟောင်ကောင်က လူတွေ အများအပြားက မိသားစု ဆက်ဆံရေးကို စုစုစည်းစည်း တင်းတင်းကျပ်ကျပ် နေထိုင်ချင်ကြတယ် ” ဟုလည်း ရှင်းပြခဲ့သည်။

ဂီဂီကဲ့သို့ပင် ဟောင်ကောင်မှ ထင်ရှားသော မိသားစု၏ သမီးဖြစ်သူ တစ်ဦးမှလည်း “ ဂီဂီကြောင့် အိမ်မှာလည်း တော်တော် လှုပ်ရှားသွားတယ်။  ဂီဂီဟာ ကောင်းမွန်တဲ့ အလုပ်အကိုင် ရှိပြီး အခြေတကျလည်း ဖြစ်နေပြီ။ သူတောင်မှ သူ့ဘဝကို ဒီလိုမျိုး အပြည့်အဝ နေနိုင်ရင် ကျွန်မလည်း ဒီလို ဘဝမျိုး ရနိုင်တယ်လို့ သူတို့ မြင်သွားကြတယ်။ ဂီဂီဟာ လိင်တူချစ်သူတွေ အတွက် မျှော်လင့်ချက်ကို ပြသခဲ့ပြီး မှန်ကန်တဲ့ ဦးတည်ချက်ဆီ ရွေ့လျားစေခဲ့တာပါ ” ဟု ပြောကြားသွားသည်။ ဟောင်ကောင်၏ ဖွံ့ဖြိုးလာသော လှုပ်ရှားမှုအတွက် ဂီဂီသည် ပုံရိပ်တစ်ခု ဖြစ်လာလျှက် ရှိသည်။

သို့သော်လည်း သူ့ကဲ့သို့ ထင်ပေါ်ကျော်ကြားမှုမျိုး ကင်းမဲ့သည့် လိင်တူချစ်သူများ၏ ဘဝအတွက်မူ လွယ်ကူချင်မှ လွယ်ကူမည် ဖြစ်ကြောင်း ဂီဂီမှ သတိပေးခဲ့သည်။ အခြားသူများ အားကျရသည့် ပုံရိပ်တစ်ခု ဖြစ်လာမှုအတွက် ခေါင်းဆောင်လည်း မဟုတ်၊ တက်ကြွလှုပ်ရှားသူလည်း မဟုတ်ကြောင်း ဂီဂီမှ  ဆိုခဲ့ပြီး “ ကျွန်မဟာ ကျွန်မကိုယ်တိုင်ပါပဲ။ ကျွန်မအတွက်ပဲ ကျွန်မ ပြောမှာပဲ။ အခု ဖြစ်ပြီးခဲ့တာတွေက ကျွန်မမှာ ပြောစရာ ရှိတယ်။ လူတွေက ကျွန်မပြောတာကို နားထောင်ချင်ကြတယ်။ ဒီလောက်ပါပဲ ” ဟု ပြောဆိုသွားသည်။

REF: CNN

The Myanma Age

(YGN Newsမှတစ်ဆင့်ပြန်လည်မျှဝေပါသည်။)

ခိုင်မာတဲ့ ခံယူချက်နဲ့ မင်္ဂလာပွဲနွှဲပြီး ရွှေလက်တွဲတော့မယ့် လိင်တူချစ်သူ စုံတွဲ




 ညနေခင်း ရုံးဆင်း  လို့ သူတို့ရဲ့ထရံကာ၊ သွပ်မိုး ပျဉ်ထောင်အိမ်လေး ကို အရင်ဆုံး ပြန်ရောက်တဲ့
သူက မီးဖိုချောင် မှာ ထမင်းဟင်းချက်တဲ့ တာဝန်ကို ယူရပါတယ်။

နှစ်ယောက် စလုံး ရုံးမှာ သိပ်ကို ပင်ပန်းလာပြီ ဆိုရင်တော့ ချက်ပြုတ်မနေတော့ ဘဲ နီးရာဆိုင်မှာပဲ
ပြေးပြီး ညစာစားကြပါတယ်။

ဒါဟာ လိင်တူ ချင်း သံယောဇဉ်ဖြစ်မိကြပြီး သာမန်စုံတွဲတွေ လိုပဲ နှစ်ယောက် တစ်ဘ၀ ထူထောင်
ထားကြတဲ့ ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက် တို့ စုံတွဲရဲ့ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ် ဖြတ်သန်းမှုပုံစံပဲ
ဖြစ်ပါတယ်။


သူတို့နှစ်ဦးဟာ ၁၀ နှစ်ကြာ အတူတူနေထိုင် ခဲ့ကြရင်း နှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ နားလည်မှု
ခိုင်မာလာတာ နဲ့အမျှ ထာဝရ လက်တွဲသွားကြမယ်ဆိုတဲ့ သင်္ကေတ အနေနဲ့ မင်္ဂလာပွဲကို လာမယ့်
မတ်လ ထဲမှာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေကို ဖိတ်ကြားပြီး ကျင်းပသွားမှာ
ဖြစ်ပါ တယ်။

"မင်္ဂလာပွဲ အတွက် ရင်ခုန်ပြီး အတိုင်းမသိ ၀မ်းသာတယ်။ သူ (ကိုတင်ကိုကို) က ၁၀ နှစ်ပြည့်
အထိမ်း အမှတ်ပွဲလေး လုပ်ပေးမယ်လို့ မထင်ခဲ့ဘူး။ ဒီပွဲ လုပ်မယ်ဆိုတာ အနီးကပ်မှ သိရတာ။
မင်္ဂလာပွဲ အတွက် အနောက်တိုင်း ၀တ်စုံတွေ ပြင်ဆင်ထားတယ်။ နောက်ထပ် ၁၅ နှစ်၊ အနှစ်
၂၀ ပြည့် ပွဲတွေလည်း လုပ်ချင်သေးတယ်"လို့ ကိုမျိုးမင်းထက်က ပြောပါတယ်။

ရန်ကုန်သား ကိုတင်ကိုကို ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မကွေးတိုင်းဒေသကြီးအတွင်းက
ဆောက်လုပ်ရေး အလုပ်တစ်ခုမှာ အလုပ်လုပ်ကိုင်ရင်း ကိုမျိုးမင်းထက် ကို စတွေ့ပြီး သံယောဇဉ်
ဖြစ်ခဲ့ ပါတယ်။

နှစ်ယောက် စလုံးဟာ အမျိုးသားတွေ လိုပဲ ၀တ်စားဆင်ယင် နေထိုင်သွားလာတဲ့ အတွက် အများရဲ့
အမြင်မှာ အထင်လွဲ စရာ မဖြစ်ခဲ့တာကြောင့် သူတို့ရဲ့ဘ၀ခရီး အစမှာ ကြီးမားတဲ့ အခက်အခဲမျိုးတွေ
မတွေ့ခဲ့ရဘူးလို့ ဆိုကြပါတယ်။

"ကျွန်တော်က အမျိုးသမီး တစ်ယောက်လို ၀တ်စားဆင်ယင်ပြီး နေတာ မဟုတ်ဘဲ သာမန်
ယောက်ျားလေး လိုပဲနေတယ်။ သူလည်း အဲဒီ ပုံစံအတိုင်းပဲ နေတယ်။ ကိုယ့်ရဲ့လိင်စိတ် ခံယူမှုကြောင့်
ဂေးဖြစ်နေတာပဲ ရှိတယ်။ သူနဲ့ကျွန်တော် သူငယ်ချင်း အပေါင်းအသင်းတွေလိုပဲ သွားတယ်၊
လာတယ်၊ စားတယ်၊ သောက်တယ်။

 အဲဒါနဲ့ ပတ်သက်ပြီးတော့ အခက် အခဲသိပ်မရှိခဲ့ပါဘူး" လို့ LGBT (အမျိုးသမီး၊ အမျိုးသား
အချင်း ချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသား၊ အမျိုးသမီးနှစ်မျိုး စလုံး ချစ်ခင်စုံမက်သူ၊ ဆန့်ကျင် ဘက်
လိင်ကဲ့သို့ ၀တ်စားဆင် ယင်ပြုမူနေထိုင်သူ)တွေရဲ့ အခွင့်အရေးတွေ အတွက် လှုပ်ရှားဆောင် ရွက်နေ တဲ့
ဘုရင်နှင့် ဘုရင်မ များအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကိုတင်ကိုကို (အသက် ၃၈ နှစ်) က မြန်မာ တိုင်း(မ်)ကို ပြောပါတယ်။

ကိုမျိုးမင်းထက် ကတော့ အသက် ၁၀ နှစ် ပို ငယ်ပြီး မိသားစု ၀င်တွေရဲ့ ငြိုငြင်မှုကို အစပိုင်းမှာ
ရင် ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

"သူနဲ့ သံယောဇဉ်ဖြစ်တော့ အတူသွား အတူစားဆိုတော့ မိသားစု ကတော့ သာမန်ညီအစ်ကို
မိတ်ဆွေတွေ လို ရင်းနှီးတယ်လို့ပဲ သိထားတယ်။ ကျွန်တော့် အစ်ကိုနဲ့ အစ်မ အိမ်ထောင်ကျ
သွားတော့ သူတို့ အိမ်ထောင်ဖက်တွေက ကျွန်တော်တို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတော့
နည်းနည်းပြောတယ်။

သူတို့တွေက နယ်ဘက်ကဆိုတော့ ဒီလိုမျိုးတွေ မကြုံဖူးကြဘူးဆိုတော့ နည်းနည်းတော့ ပြော တာ ဆိုတာ ခံရပါတယ်"လို့
 LGBT တွေအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးနေ တဲ့ အေးငြိမ်းမေတ္တာ လူမှုရေးအဖွဲ့အစည်းမှာ
အလုပ်လုပ်ကိုင်နေတဲ့ ကိုမျိုးမင်းထက် က ပြောပါတယ်။

သူတို့နှစ်ဦးဟာ မကွေးတိုင်းဒေသကြီးမှာ သုံးနှစ် အတူနေခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း ပြီးဆုံး
သွားတာကြောင့် ရန်ကုန်မှာ အလုပ်လုပ်ကိုင် ဖို့ ကိုတင်ကိုကို တစ်ယောက်တည်း ပြောင်းရွှေ့လာခဲ့
ပါတယ်။

"ခြောက်လလောက်ကြာတော့ သူလိုက်လာတယ်။ သူက အဝေးသင် တက်နေတာဆိုတော့
စာမေး ပွဲဖြေခါနီးရင် နယ်ပြန်တယ်။ စာမေးပွဲရှိရင် ပြန်သွားလိုက် ပြီးရင် ရန်ကုန်ဆင်းလာလိုက်နဲ့
ကျောင်းပြီး သွားတော့မှ အလုပ်လုပ်ကြရင်း အတူတူနေဖြစ် လာတာပါ"လို့ ကိုတင်ကိုကိုက
ပြောပါ တယ်။

ရန်ကုန်ရောက်ပြီး နှစ်ယောက် အတူတူနေထိုင်ဖို့ ဆုံးဖြတ်တဲ့အခါမှာ ငွေကြေး ကျပ်တည်းမှု
အခက် အခဲ၊ နေစရာနဲ့ အလုပ်အကိုင် အခက်အခဲတွေ ကို အချိန်အတော်အကြာထိ ကြုံတွေ့
ဖြတ်သန်းခဲ့ရတယ် လို့လည်း ဆိုပါတယ်။

"မိဘတွေနဲ့နေမယ်ဆို အလွန်ဆုံး တစ်လ နှစ်လထက် ပိုမနေနိုင်ပါဘူး။ အလုပ်ကလည်း မရှိတော့
ဟိုရှာ ဒီရှာနဲ့ ကြုံတဲ့အလုပ် ၀င်လုပ်ရတယ်"လို့ နယ်ကနေ ရန်ကုန်ပြန်ရောက်စမှာ ကြုံတွေ့ရတဲ့
အခက်အခဲတွေ ကို ပြောပြပါတယ်။

သာမန် စုံတွဲတွေလိုပဲ သူတို့နှစ်ဦးဟာ အားလပ်တဲ့ ညနေခင်းတွေမှာ ရုပ်ရှင် အတူတူကြည့်ရင်း
ဒါမှ မဟုတ်လည်း အင်းလျားကန်ဘောင် မှာ လမ်းလျှောက်ရင်းနဲ့ ဖြတ်သန်းကြသလို ချက်ပြုတ်
လျှော်ဖွပ် တဲ့ အိမ်မှုကိစ္စတွေကို လည်း နှစ်ယောက် အတူတူ မျှဝေတာဝန်ယူကြပါတယ်။

စိတ်တူ ကိုယ်တူ ဖြတ်သန်းလာခဲ့တဲ့ သူတို့ရဲ့ ချစ်ခရီးလမ်း ၁၀ နှစ်တိုင် မြဲမြံခဲ့တဲ့ အကြောင်းရင်း
ကတော့ တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိခြင်းပဲလို့လည်း ကိုတင်ကိုကိုက ပြောပါတယ်။

"၁၀ နှစ်တာ ကာလတွေမှာ ပြဿနာတွေက အများကြီးပဲ။ တစ်ယောက်နဲ့ တစ်ယောက်
စကား များကြ တယ်၊ ရန်ဖြစ်တာတော့ ခဏခဏပါပဲ။ ကျွန်တော်က စိတ်ဆတ်တော့ တစ်ခုခုဆို
အမြန်ပြောဆို လိုက်မိတတ်တော့ သူပဲ အများဆုံးခံရပါတယ်။ အတူတူ နေတာကြာလာတာနဲ့အမျှ
သူဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲဆိုတာတွေကို သိလာတော့ သူ မကြိုက်တာမျိုးဆို မလုပ်မိဖို့
ရှောင်ရင်းနဲ့ ပြဿနာ အခက်အခဲဆိုတာ တဖြည်းဖြည်းနည်းလာတယ်။ အတူနေတာကြာလာတော့
တစ်ယောက် အကြိုက်ကို တစ်ယောက် နားလည် လာသလို ညှိယူနေထိုင်ခဲ့လို့ အခု ထိမြဲမြံခဲ့တာပါ"
လို့လည်း သူတို့ကြားက နားလည်မှုတည် ဆောက်ပုံကို ပြောပြပါတယ်။

ကိုမျိုးမင်းထက် က သူတို့လည်း သာမန်စုံတွဲ တွေလိုပဲ သားသမီးတွေ အများကြီးနဲ့ နေချင်တယ်
လို့ဆိုပြီး နှစ်ဦး အတူတူ စနေကတည်းက ကလေး မွေးစားဖို့ အကြောင်း တိုင်ပင်ခဲ့ကြတယ်လို့ဆိုပါ
တယ်။

"သူ(ကိုတင်ကိုကို) ကတော့ ယောက်ျားလေး လိုချင်တယ်။ ကျွန်တော်ကတော့ မိန်းကလေးပဲ
ဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ် နှစ်ယောက်စလုံးကို ချစ်တယ်"လို့ ပြောပါတယ်။

ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက်တို့ လို ရဲဝံ့ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ပတ်ဝန်းကျင် မိဘ မောင်ဖွား
တွေရဲ့ ဘောင်ခတ် ကန့်သတ်ထားတဲ့ အနှောင်အဖွဲ့ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ စုံတွဲတွေ ရှိသလို မိဘနဲ့
ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ခွင့်မရကြတဲ့ ဂေးတွေလည်း
အများ အပြားရှိနေမှာ သေချာပါတယ်။

"မိဘတွေက သားသမီးတွေနေချင် တဲ့ ပုံစံကို လွတ်လပ်စွာ နေခွင့်မပေးကြဘူး။ မိဘတွေရဲ့ စီမံ
ကွပ် ကဲမှုအတိုင်း နေရမယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆမျိုးကို ဟိုးငယ်ငယ် ကတည်းက လက်ခံ
ကျင့်သုံး လာကြတယ်။ မိဘတွေက ကိုယ့်ရဲ့ သားသမီးတွေပဲဆိုပြီး လွတ်လပ်မှုကို ဘောင်ခတ်ခဲ့
သလို အခုလက်ရှိ အချိန်အထိ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့
မိဘတွေက အဲဒီ အတိုင်းတွေချည်းပဲ။ ငါ့သားသမီးတွေ က ငါတို့စီစဉ်တဲ့အတိုင်း လုပ်ရမယ်၊ နေရမယ်
ဆိုတဲ့ ပုံစံမျိုးနဲ့ ထားထားတယ်"လို့ ကိုတင်ကိုကိုက ပြောပါတယ်။

"တချို့ မိန်းမဆန်ဆန် ၀တ်စားနေထိုင်တဲ့ အခြောက် မလေးတွေဆို အသက်ကြီးလာတဲ့အခါမှာ
အိမ်က လူကြီးတွေက မိန်းမ အတင်းပေးစားတာ၊ မယူချင် ယူချင်အောင် တွန်းအားပေးတာမျိုး
ရှိတယ်။ တချို့ဆိုယူလိုက်ပြီးမှ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာတယ်။ အိမ်က အတင်းပေးစား လို့
ယူလိုက်ရပေမယ့် သူ့ရဲ့ သူငယ်ချင်း အပေါင်းအဖော်တွေ အိမ်ကိုခေါ်လာပြီးတော့နေတယ်။

 နောက်တစ်ခုက အိမ်မှာ မနေဘဲ အပြင်မှာနေတာများ လာတဲ့အခါ လင်မယားနှစ်ယောက်
ကြား မှာ အိမ်ထောင်ရေး ပဋိပက္ခတွေ ဖြစ်လာတယ်။ အဲဒါဟာ သူကိုယ်တိုင်တင် မကဘဲ သူ့ဇနီး
မှာပါ စိတ်ဒဏ်ရာရလာတဲ့ အထိ ဖြစ်စေတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီးရဲ့ နေထိုင်မှု
ပုံစံကို ပြောင်းလဲဖို့ မကြိုးစားဘဲ သားသမီးရဲ့ဖြစ်တည်မှုကို လက်ခံ နိုင်အောင် ကြိုးစားရမယ်။ သူ့ရဲ့
ခံယူချက် အပေါ်မှာလည်း လွတ်လပ်မှုပေးသင့်တယ်"လို့လည်း သူ့အမြင်ကို ဆိုပါတယ်။

ကန့်သတ် ချုပ်ချယ်မှုကြောင့် ကိုယ့်ကိုယ် ကိုယ် ဂေးတစ်ယောက် အဖြစ် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ
နေထိုင် ခွင့်မရတဲ့ လူတချို့ဟာ အိမ်နဲ့ ဝေးရာကို ရောက်သွားပြီး ကြုံရာ အလုပ်လုပ်ကိုင်စားသောက်
ရတဲ့ ဘ၀မျိုးထိ ဖြစ်သွားကြတာမျိုးတွေ လည်း ရှိတယ်လို့ ကိုတင်ကိုကိုက ပြောပါသေးတယ်။

"အိမ်မှာ အတင်းအကျပ် ချုပ်တည်းနေရလွန်းတော့ အပြင်ရောက်တော့ မဖြစ်သင့်တာတွေ ဖြစ်သွား
တာမျိုး ရှိတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကူးစက်ရောဂါတွေရလာတဲ့အထိ
ဖြစ်တယ်"လို့ ဆိုပါတယ်။

"ကိုယ့်ကိုယ် ကိုယ် ရုန်းမထွက်နိုင်သေးသ၍တော့ အဲဒါတွေ ရှိနေဦးမှာပါပဲ။ ရုန်းထွက်နိုင်ရင်တော့
ပြီးပြီပေါ့။ သူတို့မှာ ရုန်းထွက်ရဲတဲ့ သတ္တိနဲ့ တစ်ကိုယ်ရေ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်တဲ့
အလုပ်တစ်ခု လည်း ရှိမယ်ဆိုရင်တော့ ကိုယ့်ဘ၀ရှင်သန်ရပ်တည်ဖို့အတွက် လုံခြုံစိတ်ချရပြီ"လို့
ကိုတင်ကိုကို ကဆိုပါတယ်။

မနက်ခင်းနေရောင်ခြည်ဟာ စတင်ပြင်းစ ပြုလာပါပြီ။ အိမ်ငယ်လေးရဲ့ အပြင်ဘက်မှာ ချထားတဲ့
ရေတိုင်ကီထဲ ကို ရေဖြည့်ပြီးသွားတဲ့ နောက်မှာ မနက်ခင်းဝေယျာ ၀စ္စတွေ လုပ်ကိုင်ခြင်း ပြီးဆုံး
သွားတဲ့ ကိုတင်ကိုကို ဟာ သူ့ရဲ့ လက်ကိုင်အိတ်ကို ဆွဲပြီး သူချစ်တဲ့ ကိုမျိုးမင်းထက် နဲ့ အတူတူ
ခြံတစ်ခါး ကို ပိတ်ပြီး လုပ်ငန်းခွင်ဆီ ထွက်လာပါတော့တယ်။

ကောင်းကင်ထက် က နေမင်းကြီးကတော့ သူ့ရင်ခွင်အောက် ရောက်လာတဲ့ လူသားတိုင်းကို
ညီတူညီမျှ အလင်းရောင်ပေးနေတာပဲ ဖြစ်ပါတယ်။

From: မြန်မာတိုင်း(မ်)